Asohn Vi

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာဘုရားကို ပုံတူကူးပြီး စေတီတည်ထားကိုးကွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ အနောက် ဘက်သို့ ၅ နာရီကြာ ကားမောင်းရသည့် ထိုင်း မြန်မာနယ်စပ် စံခရဘူရီမြို့ တစ်ဖက်ကမ်း "ငါးပျော်စံရာ" ဟု အဓိပ္ပါယ်ရသည့် "ဝင်းက" မွန်ရွာရှိ မဟာဗုဒ္ဓဂါယာ စေတီပေါ် ရောက်သွားတော့ ဆိတ်ငြိမ်ခြင်းနှင့်အတူ ပါဠိဘာသာဖြင့် ဘုရားတောင်ဘက်ခြမ်းက မိန်းမအိုတစ်ဦး၏ ဘုရားရှိခိုးသံကို ကြားလိုက်ရသည်။ ယင်းဘုရားဝတ်ပြုသံသည် မြန်မာပြည်တွင် ကြီးပြင်းလာသည့် စာရေးသူအတွက် မစိမ်းလှသော်လည်း ဤနေရာမျိုးတွင် ကြားရသောအခါ အံ့သြမိသည်မှာ အမှန်ပင် ဖြစ်သည်။ မြန်မာပြည်တွင်း သက်ကြီးရွာအိုတို့၏ ညနေခင်း ဘုရားဝတ်ပြုနေသည့်အသံနှင့် တသားတည်း၊ တသံတည်း ဖြစ်နေသောကြောင့် ဖြစ်သည်။ ထိုထက် ထူးခြားသည်မှာ မိန်းမအိုတစ်ဦးတည်းသာ ဘုရားဝတ်ပြုနေခြင်းပင် ဖြစ်သည်။

မြန်မာပြည်တွင်းက သက်ကြီးရွယ်အို မွန်လူမျိုးများသည် နံနက်စောစောပိုင်းတွင် ဘုရားဆွမ်းတော်ကပ်လှုခြင်း၊ သံဃာများအား ဆွမ်းကပ်ခြင်း၊ ပြီးနောက် ညနေအတွက် ဘုရားကျောင်းကန်သွားရန် ကိုယ်တိုင် ပန်းရှာခြင်း၊ ပန်းခူးခြင်း၊ နေ့လည်ပိုင်း တရေးအိပ်ပြီး မျက်စိမှုံမှုံဖြင့် ကိုယ်တိုင် ပန်းသီခြင်း၊ ညနေပိုင်းတွင် ဘုန်းကြီးကျောင်းများသို့ သွားရောက်ကာ အတူတကွ ဘုရားရှိခိုးကိုးကွယ်ပူဇော်ခြင်းများ နည်းတူ ယခု ဝင်းကရွာ မဟာဗုဒ္ဓဂါယာဘုရားပေါ်က မိန်းမအိုကြီးမှာလည်း ကောင်းမှုကုသိုလ်ပြုရန် တူညီသော အခွင့်အလမ်းတစ်ခုအတွက် မြန်မာပြည်တွင်းက အသက်ကြီးရွယ်အို မွန်များနည်းတူ ကြိုးစားရယူနေကြောင်းကို သိနားလည်ခဲ့သည်။

ယခုလို ဘုရားရှိခိုးဝတ်ပြုခြင်းကို ဖျားနာသည့်နေ့ရက်မှလွဲ၍ နေ့စဉ် ပြုလုပ်ခဲ့ကြောင်းနှင့် ဥပုဒ်နေ့များတွင် အခြားအဖော် သက်ကြီးရွယ်အို ၁၀ ကျော်နှင့် အပတ်စဉ် ဘုရားရှိးခိုး ဝတ်ပြုလေ့ရှိကြောင်း၊ တစ်လ လေးကြိမ် ဥပုဒ်နေ့မှလွဲ၍ မိမိတစ်ယောက်တည်းသာ နေ့စဉ် ဤဝတ်ပြုခြင်း ပြုလုပ်လေ့ရှိကြောင်း ရှင်းပြသည်။

ထိုဝင်းကမွန်ရွာသည် သာမန်နေ့ရက်များတွင် ရိုးရာယဉ်ကျေးမှုဆိုင်ရာ အငွေ့အသက်များကို မတွေ့မြင်နိုင်သော်လည်း ဥပုဒ်နေ့များနှင့် သောကြာနေ့များတွင် အနီ၊ အဖြူ ကျားကွက် မွန်ရိုးရာဝတ်စုံများကို တစ်နေ့ခင်းလုံး တွေ့မြင်နိုင်သည်။ ဥပုဒ်နေ့ ဘုန်းကြီးကျောင်းသို့ ဆွမ်းပို့ချိန်တွင် အရောင်စုံ မွန်ရိုးရာဝတ်စုံများဖြင့်သာ အများဆုံး မြင်တွေ့နိုင်ပြီး အပတ်စဉ် သောကြာနေ့များတွင် ရွာစာသင်ကျောင်းသို့ ပညာသင်ကြားနေသော ကျောင်းသူကျောင်းသား ၂၀၀၀ ကျော်တို့၏ အနီ၊ အဖြူကွက်ကျား ရိုးရာဝတ်စားဆင်ယင်မှုကို ကောင်းစွာ တွေ့မြင်နိုင်သည်။ အထူးသဖြင့် မိန်းကလေးများသည် ဘုန်းကြီးကျောင်းသို့ ထမီများဖြင့်သာ တက်ရောက်ကြသည်မှာ မြန်မာပြည်က ယခုခေတ်ပေါ် မိန်းမပျိုလေးတို့၏ ထမီစကပ်ထက် သာလွန် ယဉ်ကျေးနေသေးသည်။

သူတို့သည် တချိန်က ဒုက္ခသည်တွေ ဖြစ်ကြသည်။ သူတို့မျိုးဆက်များက ထိုင်းပညာရေးကျောင်းများတွင် (ထိုင်းအခြေခံလုပ်အားအတွက်) ပညာတက်ရောက် သင်ကြားခွင့် ရရှိခဲ့ကြသည်။ ယခု ထိုရွာတွင် လူဦးရေ ၈၀၀၀ နီးပါး ရှိပြီး ဖြစ်သည်။ သို့သော် သူတို့သည် ဆရာတော် ဦးဥတ္တမ၏ သာသနာမြေပေါ်တွင်သာ နေထိုင်ခွင့် ရှိသည်။ လွန်ခဲ့သော ၂၀၀၆ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့တွင် ပျံလွန်တော်မူသွားခဲ့သော ဆရာတော် ဦးဥတ္တမ ကောင်းမှုကုသိုလ်ဖြင့် ဆောက်လုပ်ခဲ့သော ထိုင်းနိုင်ငံ၏ အရှည်ဆုံး သစ်သားမြစ်ကူးတံတားကို အသုံးပြုကာ လက်လုပ်လက်စား အလုပ်သမားဘဝဖြင့် ဘဝကုန်ဆုံးခဲ့ကြသည်။ သို့သော် သူတို့၏ မူလ တူညီသော ဝိညာဉ်ဆောင်လာရာ လမ်းကြောင်းအတိုင်း ဘဝကုန်ဆုံးသည်အထိ ကြိုးစားနေကြသည်ကို စာရေးသူ တွေ့မြင်လိုက်ရသည်။

ရွာဝင်ပေါက်ဂိတ်တွင် မွန်ယဉ်ကျေးမှုကျေးရွာ ဟူသော ဆောင်းပုဒ်ကို ထိုင်းဘာသာဖြင့်သာ တွေ့နိုင်သည်။ ထို့နည်းလည်းကောင်း ရွာတွင်း လမ်းအမည်နာမများ၊ ဆောင်ပုဒ်များကိုလည်း ထိုင်းဘာသာဖြင့်သာ ခင်းကျင်းထားသည်ကို တွေ့ရလိမ့်မည်။ သို့သော် သူတို့ခင်းကျင်းပြသသည့်အရာများကို လပြည့်နေ့များတွင် တွေ့မြင်နိုင်သည်။ ဝင်းကရွာ ဆိုသည့်နယ်စပ်ရွာလေးသည် ထိုင်းနိုင်ငံဖွား မွန်လူမျိုးများနှင့် မြန်မာပြည်ဖွား မွန်လူမျိုးတို့ ဆုံရာအရပ်ဒေသလည်း ဖြစ်သည်။

၂၀၀၈ ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့ လွန်ခဲ့သော တနင်္ဂနွေနေ့၊ တော်သလင်း လပြည့်နေ့က နှစ်ပေါင်း ၅၀၀ ကျော် ကျင်းပလာခဲ့သော "ပိုစမွတ်ကဗန်း" ဟု ခေါ်သော မွန်ရိုးရာ သင်္ဘောဆွမ်းတော်ကြီးတင်ခြင်းပွဲတော်ကို မြန်မာပြည်က မွန်လူမျိုးများနည်းတူ သူတို့ ကျင်းပခဲ့ကြသည်။ မွန်ရိုးရာ သင်္ဘောဆွမ်းတော်ကြီးတင်သည့်ပွဲတော်သည် မွန်လူမျိုးတစ်မျိုးထဲတွင်သာ ရှိသည်။ ဝင်းကရွာတွင် ယင်းသင်္ဘောဆွမ်းတော်ကြီးတင်သည့်ပွဲတော်ကို လွန်ခဲ့သော ၁၅ နှစ်ကတည်းက စတင်ကျင်းပခဲ့ကြသည်။

ဘာသာရေး ဆက်နွယ်မှု

မွန်ရိုးရာ သင်္ဘောဆွမ်းတော်ကြီးတင်ပွဲကို အများအားဖြင့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း သို့မဟုတ် ရွာစေတီများတွင် တည်ဆောက်ကြလေ့ ရှိသည်။ မြန်မာပြည်တွင် ဆွမ်းတင်သင်္ဘော တည်ဆောက်သော တော်သလင်းလဆန်း ၁၄ ရက် အဖိတ်နေ့တွင် ဝါး၊ သစ် ခုတ်ရန် လူငယ်လူရွယ် ယောင်္ကျားများက နေ့ခင်းပိုင်းတွင် တောရွာအစပ်သို့ ထွက်သွားကြပြီး မိန်းကလေးငယ်များက ပန်းမွှေးနံ့သာတို့အား ရှာဖွေစုဆောင်းကာ ထီး၊ တံခွန်ပြုလုပ်ရာတွင်လည်း လူကြီးသူမတို့၏ လမ်းညွန်မှုဖြင့် ညနေပိုင်း ဆွမ်းတင်သင်္ဘော ပြုလုပ်ပြီးသည့်အထိ လူပျို အပျိုများဖြင့် စည်းကားနေတတ်သည်။ စံခရဘူရီ ဝင်းကမွန်ရွာတွင်လည်း အကျယ် ၅ တောင့်၊ အရှည် ၁၂ တောင်၊ အမြင့် ၇ တောင်ရှိသော ကားဘီးတပ်ထားသည့် သင်္ဘောတစ်စင်းကို ၄ ရက်ကြာအောင် ရွာလူလတ်ပိုင်းများက မဟာဗုဒ္ဓဂါယာ စေတီကြီးရှေ့ ကွင်းကျယ်ကြီးတွင် မိုးရွာနေသည့်ကြားက ဆောက်လုပ်ခဲ့ကြသည်။ ထို့အတူ အရှည် ၅ တောင်ရှည်သော တံခွန်တိုင်ပေါင်း ၁၀၀ ခန့်နှင့် တခြား ထီး၊ ပန်းပေါင်းနံ့သာတို့ကို အပျိုအုပ်စုက တာဝန်ယူခဲ့ကြသည်။ ယခု ၁၅ ကြိမ်မြောက် ကျင်းပသည့်ပွဲတော်မြတ်တွင် ထိုင်းနိုင်ငံဖွား မွန်များနှင့် မြန်မာပြည်ဖွား မွန်လူမျိုးတို့က အလှူခံမဏ္ဍာပ်တွင် အမြင်ချင်းဖလှယ်ရင်း အတူတကွ ပွဲတော်ဆင်နွဲခွင့် ရရှိခဲ့ကြသည်။

ဆုံရပ်နေရာလေလား

ဝင်းကရွာသားများသည် အရင်တုန်း စိုက်ပျိုးရေးခြံများတွင်သာ လုပ်ကိုင်စားသောက်နေရာမှ ယခု အလုပ်အကိုင် ရှားပါးလာမှုကြောင့် လူငယ်မိန်းကလေးများပါမကျန် မြို့ပေါ်တက်ကာ အလုပ်လုပ်ကိုင် နေရသောကြောင့် ပွဲတော်အချိန်အခါများတွင်လည်း အနည်းအကျဉ်းသာ ရွာသို့ ပြန်လာနိုင်ကြကြောင်း မိအလန်ယာက ပြောကြားသည်။

ဝင်းကရွာဖွား ပွဲတော်ကျင်းပရေး တာဝန်ခံ မိအလန်ယာက "ယခုနှစ်မှာ ဝင်းကရွာ မွန်လူငယ်တွေ၊ ထိုင်းနိုင်ငံ (ဘန်ကောက်)ဖွား လူငယ်တချို့နဲ့ မြန်မာပြည်က မွန်လူငယ်တွေ ဒီမဏ္ဍာပ်မှာ အတူကုသိုလ်ယူတာ ဒါ ပထမဆုံးအကြိမ်ဘဲ၊ ဒီနှစ်မှာ လူငယ်အင်အား အများဆုံးနဲ့ ပွဲတော် ကျင်းပတာ"ဟု ပြောကြားသည်။ တစ်ခုရှိသည်မှာ ထိုင်းနိုင်ငံဖွား မွန်များ စကားပြောလျှင် ထိုင်းစကား ကြားညှပ်ကာ ပြောလေ့ရှိခြင်းပင် ဖြစ်သည်။

ထိုင်းနိုင်ငံဖွား မွန်လူမျိုး M (Mon) Tour ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းပိုင်ရှင် နိုင်ကေတေတ် အဆိုအရ ဘန်ကောက်မြို့အနီး ဘန်ခရဍီ မွန်ရွာတွင် သင်္ဘောဆွမ်းတင်ပွဲကို ယခင်က ကျင်းပခဲ့ကြသော်လည်း ယခုလျှင် ထိုင်းနိုင်ငံတဝှမ်းလုံးမှ ဤဝင်းကရွာ တစ်နေရာတွင်သာ ကျင်းပနိုင်သောကြောင့် ဧည့်သည်တော် ခရီးသည်များနှင့်အတူ နှစ်စဉ်နှစ်တိုင်း လာရောက်ကုသိုလ်ယူဖြစ်ခဲ့ကြောင်း ရှင်းပြသည်။ "ထိုင်းနိုင်ငံမှာ ပျောက်ကွယ်နေပြီး ဖြစ်တဲ့ဒီလို မွန်ရိုးရာပွဲတော်ကို အနောက်ပြည် (မြန်မာပြည်)က မွန်တို့မှာ ဆက်ကျင်းပနိုင်တယ်" ဟု ယင်းမွန်လူငယ် စကားဝိုင်းတွင် ပြောကြားခဲ့သည်။

ပွဲတော် ကျင်းပရခြင်းသမိုင်းအကျဉ်း

သင်္ဘောဆွမ်းတင်ပွဲတော်ကို မွန်လူမျိုးတို့က သာသနာ သက္ကရာဇ် ၁၀၁၉ -၂၀ ဝန်းကျင် ဟံသာဝတီမင်း ဓမ္မစေတီမင်း စိုးစံစဉ်က ကျင်းပလာခဲ့သော ဓလေ့တစ်ရပ် ဖြစ်သည်။ သိရိလင်္ကာနိုင်ငံသို့ ဓမ္မစေတီမင်း စေလွှတ်ခဲ့သော စိတ္တရဒုတ နှင့် ရာမဒုတ မည်သော သင်္ဘော ၂ စင်းအနက် တစ်စင်းသာ ဟံသာဝတီသို့ ပြန်လည်ရောက်ရှိလာပြီး ကမ်းပျောက်နေသော ရာမဒုတ သင်္ဘော ဘေးမသီ ရန်မခဘဲ ပြန်ရောက်လာရန် ရည်ရွယ်၍ ပူဇော်ခြင်း ဖြစ်သည်။

ဓမ္မစေတီမင်းက ပင်လယ်ပြင်ကမ်းပါးအနီးတွင် ဝါး၊ စက္ကူတို့ဖြင့် ယာယီသင်္ဘော တည်ဆောက်၍ ဆေးခြယ်သကာ ပန်းမွှေးနံ့သာ အမျိုးတစ်ထောင်၊ သစ်သီးဝလံ စားသောက်ဖွယ်ရာ အမျိုးတစ်ထောင်ကို ဆွမ်းအဖြစ် သင်္ဘောပေါ် တင်ဆောင်ပြီး ထိုရာမဒုတ္တ သင်္ဘော ဟံသာဝတီသို့ ပြန်လည်ရောက်ရှိလာရန် အဓိဌာန်ပြုကာ သင်္ဘောအား မြစ်ပြင်သို့ လွှတ်ပြီး ပူဇော်ကိုးကွယ်ခဲ့ကြသည်။ ယင်းနောက် မကြာမှီအချိန်ကာလတွင် ပျောက်ဆုံးနေသော ထိုရာမဒုတ္တ သင်္ဘောသည် ဟံသာဝတီကမ်းစပ်သို့ ဘေးမသီ ရန်မခဘဲ ပြန်လည်ရောက်ရှိလာခဲ့သည်။ ဤအဖြစ်အပျက်ကို အကြောင်းပြ၍ မွန်လူမျိုးတို့သည် တော်သလင်းလပြည့်နေ့ ရောက်တိုင်း သင်္ဘောဆွမ်းတင်ခြင်း အလေ့အထကို နှစ်စဉ် နှစ်တိုင်း ကျင်းပလာခဲ့ကြသည်။

သူတို့ခံယူချက်

"ကျနော်က ဝင်းကရွာဟောင်းမှာဘဲ မွေးတယ်။ ဆရာတော်ရဲ့ ကောင်းကျိုးကျေးဇူးကြောင့် အားလုံး မွန်စကား ပြောနိုင်ကြတယ်။ ဒါပေမဲ့ ဒီရွာက မွေးဖွားလာတဲ့မွန်တွေက ထိုင်းမွန်အဖြစ်လည်း မခံယူကြဘူး။ ကိုယ့်မိဘတွေရဲ့ဇာတိ မြန်မာပြည်က မွန်တွေလည်း မဟုတ်ပြန်ဘူး။ နယ်စပ်က ဝင်းကမွန်အဖြစ်ဘဲ ခံယူကြတယ်။ ထိုင်းနိုင်ငံ မြို့တွင်းပိုင်း (ဘန်ကောက်)ဖက်က လာတဲ့မွန်တွေကို တွေ့ရင် ကိုယ့်ကိုယ်ကို ပြန်မြင်ရတာက ငါ သူတို့လို ထိုင်းမွန်တွေမဟုတ်ဘူး။ ဒါကြောင့် ကျနော့်တို့က ဝင်းကမွန်တွေပေါ့" ဟု အသက် ၄၄ နှစ်အရွယ် ရှိပြီးဖြစ်သော ကျေးရွာ အုပ်ချုပ်ရေး ကော်မတီဝင်ဖြစ်သူ နိုင်စိန်အောင်မင်းက ရှင်းပြသည်။

"ခရီးသွားဧည့်သည်တွေ အလည်အပတ်လာရောက်တဲ့ရွာအနေနဲ့ ဒီဝင်းကရွာ သင်္ဘောဆွမ်းတင်ပွဲကို ဒီထိုင်းနိုင်ငံမှာ ထူးခြားတဲ့ပွဲတော်တစ်ရပ်အနေနဲ့ ဆွဲဆောင်နိုင်ခဲ့တယ်။ ဒီပွဲတော်မျိုးက ထိုင်းမှာလည်း မရှိဘူး။ ကျနော်တို့က ဒီမတူညီတဲ့၊ ထိုင်းမှာ မရှိတဲ့ ကျနော်တို့လူမျိုးတွေရဲ့ ကိုယ်ပိုင်ပွဲတော်တွေကို ကျင်းပတာ ပိုအားသန်တယ်။ ဥပမာ ညောင်ရေသွန်းပွဲ၊ နိဗ္ဗာန်ဈေးပွဲတော်လိုမျိုး ထိုင်းမှာ မရှိတဲ့ပွဲတော်တွေကို ဒီရွာမှာ ပြသချင်တယ်။ ဒီနှစ်လည်း အရင်နှစ်တွေကထက် ဧည့်သည်တွေ များတယ် အကြီးမားဆုံးရည်ရွယ်ချက်ကတော့ ကိုယ့်ကိုယ်ပိုင်ဟန် ယဉ်ကျေးမှုတွေ ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းတာပါဘဲ" ဟု ရှင်းပြသည်။

တည်ဆောက်ပုံ

ဆွမ်းတင်သင်္ဘောကို အများအားဖြင့် ဝါး၊ စက္ကူနှင့် သစ်အနည်းငယ် အသုံးပြု၍ တည်ဆောက်ကြသည်။ ဝါးများများ အသုံးပြုခြင်းသည် သင်္ဘော မနစ်မြုပ်စေရန် ရည်ရွယ်ပြီး ဆွမ်းခံရန် ရွာလည့်ရမည့်သင်္ဘော ဖြစ်ပါက အောက်ပိုင်းတွင် ဘီးလှည်းများဖြင့် တည်ဆောက်ပြီး သင်္ဘောအား လှည်းစင်ပေါ်တွင် တင်ထားကြသည်။ မြစ် (သို့မဟုတ်) ပင်လယ်သို့ မမျှော့သော တချို့ မြို့ရွာများ၏ ဆွမ်းတင်သင်္ဘောသည် စားပွဲခုံ သုံးလေးလုံး ဆက်ကာ စင်အဖြစ် ခင်းကျင်းပြီး သင်္ဘောပုံစံဖြစ်အောင် ဆေးချယ်ကာ မိုးလုံလေလုံသည့် နေရာ (သို့မဟုတ်) ဘုန်းတော်ကြီးကျောင်းတွင် တည်ဆောက်ကြသည်။ သင်္ဘော၏ အမည်နာမကိုလည်း "ရာမဒုတ္တ"ဟူ၍ ရေးချယ်သည်ကို တချို့မြို့ရွာများတွင် တွေ့နိုင်သည်။ အမည်နှင့်တကွ တွေ့ရသော ဆွမ်းတင်သင်္ဘော အများစုသည် ပင်လယ်သို့ မျှော့ရန် ဖြစ်သည်။

ယုံကြည်မှု

နှစ်ပေါင်း ၅၀၀ ကျော် နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့သော ရိုးရာ သင်္ဘောဆွမ်းတော်ကြီးတင်သည့် ပွဲတော်အကြောင်း အရင်းအမှန်ကို သံဃာတော်များနှင့် အတတ်ပညာရှင်တချို့ကသာ အကျယ်တဝင့် ပြန်လည်ရှင်းပြနိုင်သော်လည်း သာမန်အရပ်သား မွန်လူမျိုးအများစုက ဤပွဲတော်မြတ်သည် သူတို့၏ ဖြစ်မြောက်လိုသော ဆန္ဒတစ်စုံတစ်ရာအတွက် ရည်စူးကာ ကောင်းမှုကုသိုလ်ပြုရင်း ယုံကြည်မှုအား ပိုမိုခိုင်မြဲလာအောင် တွန်းအားပေးစေသော ပွဲတော်တစ်ရပ်အဖြစ် အနည်းဆုံးတော့ နားလည်ထားကြသည်။

မြန်မာပြည်ထဲတွင် နေထိုင်ကြသော မွန်လူမျိုးတို့၏ မိသားစုဝင်(အနည်းဆုံး) တစ်ယောက်ယောက်သည် ပြည်ပနိုင်ငံတစ်နိုင်ငံတွင် တရားဝင် သို့မဟုတ် တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်နေကြသည်ချည်း ဖြစ်သည်။ ခရီးဝေးတွင် ရောက်ရှိနေသော သားသမီး၊ မိဘများအား ဘေးမသီ ရန်မခဘဲ အပြန်လမ်းခရီး ချောမွေ့စေရန် ရည်စူး၍ အဓိဌာန်ပြုကာ ဤယာယီသင်္ဘော၌ ဆွမ်းတင်ကာ ကုသိုလ်မျှဝေကြသည်။ အထူးသဖြင့် အမျိုးသမီးများက မိမိလင်ယောင်္ကျား၊ သားတူမောင်များ ငါးဖမ်းလှေ သို့မဟုတ် ရေလမ်းခရီးဖြင့် သွားရောက် အလုပ်လုပ်ကိုင်နေခြင်း တို့အတွက် ပို၍ အဓိပ္ပါယ်ပြည့်ဝသော ပွဲတော်တစ်ရပ်ပင် ဖြစ်ပေသည်။

ခြားနားချက်များ

သင်္ဘောဆွမ်းတင်ခြင်း ပွဲတော်မြတ်ကို နံနက် ၄ - ၅ နာရီ အကြား အာရုံမတက်မီအချိန်တွင် တူညီစွာ ကျင်းပလေ့ရှိကြသော်လည်း ရွာပတ်ပြီး သင်္ဘောလှည့်လည် ဆွမ်းခံသည့်ကျေးရွာ ရှိသကဲ့သို့ စေတီ သို့မဟုတ် ဘုန်းကြီးကျောင်းများတွင်သာ ဆွမ်းခံသည့်နေရာတစ်နေရာသာ ရွေးချယ်ကာ ပွဲတော်ကျင်းပကြသည့်ကျေးရွာ များလည်း ရှိသည်။ ထိုင်းနိုင်ငံ စံခရဘူရီ ဝင်းကရွာတွင်မူ နံနက် ၅ နာရီမှစ၍ ဆွမ်းတော်ကြီးတင်ပွဲတော် စတင်ကျင်းပပြီး ဘေးတစ်ဖက်တွင် သံဃာတော်တို့က သံပြိုင်ဖြင့် ဘုရားဆွမ်းတင်ရွတ်ဆိုနေကြသည်။ ထို့နောက် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ပြုလုပ်ထားသော မီးပုံးပျံများကို လွှတ်တင်ကြသည်။ အနီ၊ အဖြူ၊ အဝါ ဆေးရောင်စုံဖြင့် အကွက်ဖော်ထားသော မီးပုံးပျံကြီးများကို ရွာလူပျိုတသိုက်က ဟိုင်းလက်ကားများဖြင့် စုစည်းသယ်ဆောင်လာကာ သင်္ဘောဆွမ်းတင်သည့် မဟာဗုဒ္ဓဂါယာ ဘုရားဝင်းကျယ်ထဲတွင် လွှတ်တင်နေကြသည်ကို တွေ့ခဲ့ရသည်။ ထိုမီးပုံးပျံကြီးများ၏ အောက်တွင် ဆီးမီးခွက်ငယ်များနှင့် မီးပန်းမီးပွားများပါ လွှတ်တင်ခဲ့ကြသည်။ ဘုရားဆွမ်းတင်ပြီးနောက် မိုးလင်းချိန်တွင် သဘောင်္အား ရေပြင်သို့ မျှော့ကြသည့်ကျေးရွာများ ရှိသကဲ့သို့ စံခရဘူရီ ဝင်းကမွန်ရွာကဲ့သို့ ကျေးရွာတချို့မှာမူ လဆန်း ၁ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်မှ သင်္ဘောရေမျှောသည့်ဓလေ့လည်း ရှိကြသည်။ သင်္ဘောဦးခေါင်းပိုင်း ကြိုးရှည်ဖြင့် ချည်နှောင်ကာ ရွာသူရွာသား တတန်းကြီးက သင်္ဘောအား ပင်လယ်ပြင်သို့ ဆွဲချကြသည်။

ဝင်းကရွာတွင် ကျင်းပသော သင်္ဘောဆွမ်းတော်ကြီးတင်ပွဲ၏ ထူးခြားချက်မှာ ဥပုဒ်နေ့ နံနက် ၁၀ နာရီခန့်တွင် ပျားရည်၊ နှမ်းဆီ၊ ထောပတ်၊ တင်လဲ၊ ကြံရည်၊ သကြားခဲ စသောဆေးဖော်စပ်နိုင်သည့် ရှားပါးဝတ္တူများဖြင့် ဆွမ်းကြီးလောင်းလှုပွဲအား စံခရဘူရီခရိုင်အနှံ့ ဘုန်းကြီးကျောင်းများကို ဖိတ်ကြားကာ မဟာဗုဒ္ဓဂါယ စေတီတော် တစ်ပတ်ပတ်ကာ အလှုပြုပွဲ ကျင်းပခဲ့ကြသေးသည်။

ထိုင်းအထူးစစ်တပ်ဖွဲ့၏ စောင့်ကြပ်မှုဖြင့် ဝိဝေကာရာမ ဝင်းကရွာကျောင်း ဆရာတော်(သစ်) ဦးမဟာသုချတ်ကလည်း မဟာဗုဒ္ဓဂါယ စေတီတစ်ဝိုက်တွင် ညခင်းပွဲတော် ကျင်းပပြီးသည်အထိ တပည့်တော်ဒါယကာများအား ဖေးမစောင့်ရှောက်နေသည်ကို တွေ့ခဲ့ရသည်။

သူတို့သည် မြန်မာပြည်မှ မွန်များနည်းတူ ဘာသာရေး၊ သာသနာရေးတွင် ပြုမူကျင့်ကြံရန် ကြိုးစာနေကြသည်။ ထိုထက် ပို၍ သူတို့သည် နယ်နိမိတ် စည်းခြားနေသော မွန်ညီအကိုတို့အကြား တူညီမှု ရှိသင့်ကြောင်း ပြသနိုင်ရန် ကြိုးစားနေကြသူများလည်း ဖြစ်သည်